Home » »
ဦးဥတ္တမ အတွင်းရေး

ဦးဥတ္တမ အတွင်းရေး

        ဦးဥတ္တမလို ပုဂ္ဂိုလ်ကား ဖြစ်ရလိုပါ၏။
သို့သော် ဦးဥတ္တမလို ခေါင်းဆောင်ကား
ဘ၀အဆက်ဆက် မဖြစ်ရပါလို။

သင်္ခါရ စက်ကွင်းသို့ ချဉ်းနင်း ၀င်ရောက်ပြီးဖြစ်တော်မူသော ကျေးဇူးရှင် ဦးဥတ္တမ အရှင်မြတ်၏ အကြောင်းကို ကုလား အင်္ဂလိပ် သတင်းစာဆရာတို့မှတစ်ပါး အခြားမည်သည့် မြန်မာသတင်းစာတို့ကမှ ကျွန်ုပ်အား ရေးသားရန် တိုက်တွန်းခြင်း မရှိပါ။ သို့သော် လွန်ခဲ့သော နှစ်ပေါင်း အတော်ကြာကပင် ရင်းနှီးဆည်းကပ်ဖူးသဖြင့် ကြည်ညိုလေးမြတ်သော စေတနာ သဒ္ဓါဓါတ်က နှိုးဆော်လတ်သောကြောင့် အနည်းငယ် ရေးသားရခြင်းမျှ ဖြစ်ပါသည်။

အထက်ဖော်ပြပါ ဆရာတော်ဘုရား၏ ထေရုပ္ပတ္တိကို အခြား အခြားသော ပုဂ္ဂိုလ်တို့က အထိုက် အလျောက် ရေးသားကြပြီးဖြစ်၍ အထူးဖော်ပြရန် မလိုသော်လည်း ဆရာတော် ဘုရား၏ စိတ်နေ သဘောထား လိုရင်းဖြစ်သော အကြောင်းအချက်ကလေးများကိုကား အနည်းငယ် ရေးသားလိုပါသည်။

မဟုတ်မခံ
ဆရာတော် ဦးဥတ္တမ၏ နဂိုစိတ်ဓါတ်မှာ မဟုတ်မခံ လုပ်ကြံပြုမူတတ်ခြင်း၊ မှန်သည်ဟုထင်လျှင် နောက်မဆုတ်တမ်း လုပ်တတ်ခြင်း၊ ရဲရင့်တည်ကြည်ခြင်း၊ လုံ့လ၀ိရိယကြီးခြင်းတို့ ဖြစ်၏။ ဤကဲ့သို့ ထူးမြတ်သော စိတ်ဓါတ်ကြောင့် ဗုဒ္ဓဘာသာ မြန်မာရဟန်းတော်များထဲမှ နိုင်ငံခြားသို့ ပထမ အဦးအစ ပေါက်ရောက်ကျော်ကြားခဲ့၏။ ပထမ အစ အိန္ဒိယ၌ မစ္စတာဂန္ဒီ၊ စီ အာ ဒတ်(စ)၊ တိလက် စသော ခေါင်းဆောင်ကြီးများနှင့်အတူ နိုင်ငံရေးကို ဆောင်ရွက်ခြင်း၊ ဂျပန်ပြည်တွင် ပါဠိ၊ သက္ကတ ဘာသာ၊ ပရိုဖက်ဆာအဖြစ်ဖြင့် ဆောင်ရွက်ခြင်း၊ ထို့ပြင် ကမ္ဘာအရပ်ရပ်သို့ လှည့်လည်းခြင်းဖြင့် မြန်မာတို့၏ ဂုဏ်ကို မြှင့်တင်ခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်တော်မူ၏။ မြန်မာပြည်အတွက် အသက်စွန့်၍ ဆောင်ရွက်ချက်တို့ကိုကား အများသိပြီးဖြစ်၍ မရေးလိုတော့ပါ။

သာသနာပြု
တချို့က ဦးဥတ္တမသည် နိုင်ငံခြားမှာ အနေများ၍ နိုင်ငံခြား ဘာသာစာပေကိုသာ လိုက်စားသဖြင့် ဗုဒ္ဓဘာသာကို မကြည်ညို မလေးစား ရဟန်းတု၊ ရဟန်းယောင် ဖြစ်သည်ဟုပင် ရက်စက်စွာ တွေးတောပြောဆိုကြသည်ကို ကြားရ၏။ မှားလေစွ။ သာသနာ ဘာသာရေးကို အသည်းစွဲလိုလားသော ပုဂ္ဂိုလ်ကြီး ဖြစ်၏။ သို့သော် ဘာသာရေး၌ အယူသည်း၍ မိစ္ဆာဒိဋ္ဌိတစ်ပိုင်းဖြစ်နေသူ၊ ဘာသာရေးကို ဗန်းပြကာ ရှင်လူအများတို့အား လိမ်လည်နေသူတို့ကိုကား အလွန်ပင် စက်ဆုပ်တော်မူရှာသဖြင့် ရင့်သီးစွာ ပြောဆိုမှုသည် မှန်၏။ ဤအခြင်းအရာနှင့် ပတ်သက်၍ အခါတစ်ပါး တရားပွဲတစ်ခု၌ "ရွှေတိဂုံဘုရားကို အောင်သွယ်ဘုရား"ဟူ၍ ဆိုတော်မူဖူးသည်ကို မှတ်မိကြပေလိမ့်မည်။ သို့သော် တိုက်ရိုက်ဘုရားကို ဆိုခြင်း မဟုတ်ဘဲ ဘာသာရေး၊ ဘုရားကျောင်းကန် အာရာမ်အတွင်း၌ မပြုအပ်သည်ကို ပြုလုပ်ကျင့်ကြံနေကြသော သူတို့အား ဆိုခြင်းမျှသာဖြစ်၏။

၁၉၃၄ ခုနှစ်၊ တန်ဆောင်မုန်းလအတွင်းက မိန့်တော်မူဖူးသည်ကား "ဒို့ဗမာ ဘုန်းကြီးအချို့မှာ ပိဋကတ်စာပေကို သင်ရင်း ပိဋကတ်ထဲမှာပါတဲ့ ပုဏ္ဏားဥာဏ်တွေကို ရလို့ ဒကာ၊ ဒကာမတွေကို ပုဏ္ဏားလိမ်နည်းနှင့် လိမ်နေကြပြီ။ ဒါတွေကို သုတ်သင်ဖို့ အရေးကြီးနေပြီ" စသည် ဖြစ်၏။ အထက်ပါ စကားတို့ကို ထောက်ဆခြင်းဖြင့် ဘာသာ သာသနာရေးနှင့် ပတ်သက်၍ ဆရာတော် ဦးဥတ္တမ၏ ဆန္ဒကို သိနိုင်ရာသည်။

ကျွန်သာသနာကို အလိုမရှိ
"သာသနာ ကြီးပွားထွန်းကားစေချင်တဲ့ ဆန္ဒဟာ ငါ့စိတ်ထဲမှာ မင်းတို့ထက် ပိုပြီး ရှိပါတယ်။ ငါ ဂျပန်ပြည်မှနေပြီး ပထမအကြိမ် ကမ္ဘာကို လှည့်စဉ်က ဒီစေတနာနှင့် သွားတာ အမှန်ပဲ။ သို့သော် ဥရောပတိုက်မှာရှိတဲ့ သခင်တိုင်းပြည်တွေက တို့ဗုဒ္ဓဘာသာတရား ကောင်းတာမှန်ပေမယ့် ယခုနေခါမှာ ကျွန်လူမျိုးတို့ သာသနာဖြစ်နေလို့ လက်မခံချင်ကြဘူး။ လက်ခံရမှာ ရှက်ကြတယ်။ အဲဒီကတည်းက ငါတို့တိုင်းပြည်ကို လွတ်လပ်အောင်လုပ်ပြီးမှ သခင်အဖြစ်နှင့် သာသနာပြုတော့မည်လို့ ဆုံးဖြတ်ခဲ့တယ်"

အထက်ပါမိန့်ခွန်းအရ သခင် သာသနာပြုရန် နှစ်ပေါင်းများစွာ ဆောင်ရွက်အားထုတ်တော်မူခဲ့ ပါသော်လည်း လိုအင်ဆန္ဒ ပြည့်ဝခြင်း မရှိသည်ကို သိရှိတော်မူခဲ့သည့် အားလျော်စွာ ခရစ်နှစသ် ၁၉၃၄ ခုနှစ်၊ ဗာရာဏသီမြို့သို့ ကြွရောက်စဉ် ဟိန္ဒူ ယူနီဗာစီတီ၌ မိမိ၏ ရန်ပုံငွေနှင့် နိုင်ငံခြားမှလာမည့် ဗုဒ္ဓဘာသာ ကျောင်းတော်သားများအတွက် ကျောင်းတစ်ခု ဆောက်လုပ်လှူဒါန်းရန် ချန်ဆယ်လာ ပဏ္ဍိတ်မာလဗီယနှင့် စကားပြောလေရာ ဆရာတော်ဘုရား၏ တောင်းဆိုချက်အတိုင်း ပါဠိဘာသာကို သွင်းမပေးနိုင်ခြင်းကြောင့် ပျက်ကွက်ခဲ့ရ၏။ တစ်ဖန် ဗာရာဏသီမြို့တွင်းရှိ ဗုဒ္ဓဘာသာဝင် ဆွီဒင်သူ သူဌေးကတော်ကြီး အလ်မာဆင်ဒါ၏ တိုက်အိမ်ကြီးကို ဗုဒ္ဓဘာသာ သာသနာပြုတိုက်အဖြစ်ဖြင့် ၀ယ်ထားရန် ကြိုးစားတော်မူရာ သူဌေးကတော်မှာ ရုတ်တရက် အနိစ္စရောက်သွားသဖြင့် မအောင်မြင်ခဲ့ပေ။

ဤအချိန်အတောအတွင်း၌ပင် ဘုံဘိုင်မြို့တွင် ဒေါက်တာနိုက်ယာ ဆောက်လုပ်သော အာနန္ဒ ၀ိဟာရ ကျောင်းတော်ကိုလည်း ကျေးဇူးရှင် ဆရာတော်ကိုယ်တိုင် ဖွင့်လှစ် ကူညီတော်မူခဲ့လေသည်။

သာသနာ့ ရန်ပုံငွေ
"ဦးဥတ္တမဟာ နိုင်ငံခြားသွားပြီး ရန်ပုံငွေနှင့် စည်းစိမ်ခံနေတယ်"ဟု အများအားဖြင့် ပြောဆိုကြသည် ကို ကြားဖူး၏။ အလွန်မှားသော စကားပင်တည်း။ အိန္ဒိယ၌ နေထိုင် သီတင်းသုံးပုံကို အကုန်အစင် သိမြင် ကြမည်ဆိုပါက ဤသို့ ပြောဆိုပြစ်တင်ကြမည်ဟု မထင်ပေ။ အိန္ဒိယ တစ်နိုင်ငံလုံးလိုလိုပင် ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကို သိရှိမြတ်နိုးကြသည့်အတိုင်း လှူဒါန်းဆည်းကပ်မည့်သူ မရှားဖြစ်၏။ ထို့ပြင် ၎င်း ဆရာတော်ကိုယ်တိုင်ကိုယ်က ဖြုန်းတီးမောက်မော်လိုသော ဆန္ဒ လုံးဝမရှိသဖြင့် မြင်းရထား၊ မော်တော် ကားဆိုလျှင် လုံးဝ မလွှဲသာသော အခါမှသာစီး၍ များသောအားဖြင့် ခြေကျင်လျှောက်သည်သာ များသည်။ အစားအသောက်ဆိုလျှင်လည်း သာမည ဟင်းသီးဟင်းရွက်များကိုသာ ဘုဉ်းပေး၍ ဗီရလာ သူဌးကဲ့သို့ ဗုဒ္ဓဘာသာကို ကြည်ညိုသူ ဟိန္ဒူဒကာများ၏ လှူဒါန်းထောက်ပံ့ခြင်းဖြင့် မျှတလုံလောက်နေသည်ကို တွေ့ရ၏။ လွန်ခဲ့သော ခြောက်နှစ်ခန့်က စာရေးသူကိုယ်တိုင် "အရှင်ဘုရား... ရှေးကလို မဟုတ်တော့ဘူး၊ အသက်အရွယ်ကြီးလာပါပြီ၊ အတည်တကျ အေးအေးဆေးဆေး နေနိုင်အောင် ကျောင်းကန်အဆောက် အအုံတစ်ခုခု ဆောက်လုပ် သီတင်းသုံးဖို့ တော်ပါပြီဘုရား၊ ရန်ပုံငွေတွေလည်း အရှိသားနှင့်၊ အရှင်ဘုရား သိပ်ပြီး အဆင်းရဲခံတာပဲ"ဟု ကြင်နာစွာနှင့် လျှောက်ထားရာ ဆရာတော်က ... "မောင်ပဉ္ဇင်းပြောတဲ့အတိုင်း ရန်ပုံငွေရှိတာ အမှန်ပါပဲ၊ နို့ပေတဲ့ ဒီငွေတွေဟာ ကျောင်းထိုင်ဘုန်းကြီးလုပ်ပြီး အေးအေးကလေး ထိုင်စားနေဖို့ မဟုတ်ဘူး။ အမျိုးဘာသာ သာသနာအတွက် အသုံးပြုဖို့ စုဆောင်း လှူဒါန်းထားတဲ့ ငွေတွေဖြစ်တယ်။ ကျုပ်တော့ ဒီတစ်သက်မှာ ကျောင်းနှင့် ကန်နှင့် ဇိမ်ခံနေရတော့မှာ မဟုတ်ဘူး။ ဒီငွေကို ဘယ်လိုနေရာမှာ အသုံးပြုမယ်ဆိုတာလဲ ပြောပါရစေဦး။

(၁) ဗမာလူမျိုးတွေထဲမှာ မကောင်းတဲ့ အပြုအမူတွေကို သုတ်သင်ရေးကိစ္စ၊ ရဟန်းတု၊ ရဟန်းယောင်များကို သုတ်သင်ရေး ကိစ္စများမှာ အသုံးပြုရမည်။ ဒီသုတ်သင်ရေးကိစ္စဆိုတာက မကောင်းတဲ့ အပြုအမူ အလေ့အကျင့်တွေကို ထုတ်ဖော်ရေးသားပြီး စာအုပ်စာတမ်း ထုတ်ဝေမည်။ ဒီလိုလုပ်လို့ မသူတော်တွေက ကျုပ်ကို သတ်ရင်လည်း သေပါစေတော့။ အသက်အရွယ်လည်း ကြီးပါပြီ။ မကြောက်တော့ပါဘူး။

(၂) ဘာသာတရားကို ချီးမြှင့် မစခဲ့သော အိန္ဒိယနိုင်ငံကြီးမှာ ယခုအခါ ဗုဒ္ဓဘာသာ ပိဋကတ် ကျမ်းစာများ ကွယ်ပနေပြီ။ ဒီတော့ကာ ကျုပ်တို့က ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယမှာ သာသနာပြုရမည်။ ပထမလိုရင်းကတော့ ပါဠိ ပိဋကတ်တော်ကို အိန္ဒိယနိုင်ငံ၏ တိုင်းရင်ဘာသာ နာဂရီ (ဟိန္ဒီ)အက္ခရာနှင့် ပြန်ဆိုပြီး ပိဋကတ်သုံးပုံ မူလ ကျမ်းစာတစ်စုံ ထွက်အောင်လုပ်မည်။ တိုင်းရင်း အက္ခရာနှင့် ပိဋကတ်စာမူ ရှိနေရင် လိုလားတဲ့ တိုင်းရင်းသားတွေ သင်ကြားရ လွယ်ကူသွားလိမ့်မည်။

(၃) ရာဟုလဘိက္ခု ကြံစည်သည့်အတိုင်း နာလန္ဒမှာ ဗုဒ္ဓသာသနာပြု "နာလန္ဒသိပ္ပံ" ကျောင်းတော် ဖြစ်ရင် ငါက အနည်းဆုံး တစ်သောင်းတန် အဆောက်အအုံတစ်ခု ဆောက်လုပ်ပေးမည်။ ဒါဟာ ငါရည်ရွယ် ထားတဲ့ ပထမ လုပ်ငန်းပါပဲ"

အထက် အဆိုပါ ရည်ရွယ်ချက်အတိုင်း သုတ္တန်ပိဋကတ်၊ ဒုဒ္ဒကနိကာယ်အစုံကို ငွေသံးထောင်ကျပ် အကုန်ခံ၍ ၁၉၃၅ ခုနှစ်ကပင် အလ္လဟာသာဒ်မြို့ "လောဂျာနယ် စာပုံနှိပ်တိုက်"တွင် ပုံနှိပ် ထုတ်ဝေတော် မူခဲ့၏။ (ဤ နာဂရီအက္ခရာ ကျမ်းစာအုပ် ၇၀၀ ကို ယခုအခါ အင်ပီရီရယ်ဘဏ်၌ အပ်ထားသည်ဟု ကြားရ ၏။) နာဂရီဘာသာသို့ ပြန်ဆိုရေးသားပေးသော ပုဂ္ဂိုလ်များကား ဟိန္ဒူလူမျိုးမှ ရဟန်းပြုလာတော်မူသော နိုင်ငံကျော် ပညာရှိ ရာဟုလ သံကစ္စာယန မထေရ်နှင့် ယခုကာလ မိဂဒါဝုန်ဗုဒ္ဓသာသနာပြု ကျောင်းအုပ်။ ကဿပ ဘိက္ခု အမ်အေတို့ပင် ဖြစ်ကြ၏။ သို့သော် ဆရာတော်ဘုရား၏ ရည်ရွယ်ချက်အတိုင်း ပိဋကတ် သုံးပုံကို မဆိုထားနှင့်ဦး၊ နိကာယ်ငါးကျမ်းကိုပင် စုံလင်အောင် မရိုက်ထုတ်ရမီ ပျံလွန်တော်မူရရှာလေပြီ။ ဤကိစ္စနှင့် ပတ်သက်၍ ၎င်းဆရာတော်ကိုယ်တိုင် လွန်ခဲ့သောနှစ် ဒီဇင်ဘာလ အတွင်းက ရေးသားပေး ပို့ခဲ့ဖူးသော စာမှာ အောက်ပါအတိုင်း ဖြစ်၏။

Bhikkhu, U Ottama.
Rangoon,
Dated 13th Dec 1938.

ဦးကိတ္ထိထံမှ ဒီဇင်ဘာလ ၅ ရက်နေ့ စာတွင် နိုဝင်ဘာလ (၂၆)ရက်နေ့ ကျန်းမာစွာ ရောက်လေပြီဟု ဖတ်ရ၍ များစွာ ၀မ်းမြောက်ပါသည်။ ထို့ပြင် ကဿပ ဘိက္ခု၏ "သံယုတ်နိကာယ်"ဆိုသည်မှာ ပါဠိမူ (Text) မဟုတ်ဘဲ၊ ယခင်က မဟာဗောဓိအသင်းမှ ပုံနှိပ်သော "မဇ္ဖျိမနိကယ်၊ ဒီဃနိကယ်လို Translation ဟိန္ဒူဘာသာပြန် ဖြစ်သည်ဟု လည်းကောင်း၊ ၎င်းကို ပုံနှိပ်မည်ဆိုက ဟိန္ဒူဘာသာပြန် နိကာယ်အစုံ ထွက်သွားမည်ဖြစ်၍ အထူးကောင်းမြတ်သည်ပင် ဖြစ်ပါ၏။  စရိတ်ငွေ (၅၀၀၀) ကုန်ပါလိမ့်မည်။ တပည့်တော် နာဂရီ အက္ခရာ ပါဠိဘာသာကိုသာ သဘောကျပါသည်။ တပည့်တော်သည် နိကာယ်ငါးကျမ်းလုံးကို ရိုက်လိုသော သဘောရှိပါသည်။ ရာဟုလာနှင့် ပထမတွေ့တုန်းက နာလန္ဒတွင် ဗုဒ္ဓဘာသာ University ချမည်ဟု ပြောသောအခါ တပည့်တော်က တစ်သောင်းတန် အဆောက်အအုံတစ်ခု ဆောက်မည်ဟုဆိုပြီး တပည့်တော် ထိုနှစ် ကာလကတ္တားမြို့ ဂျပန်ဘဏ်မှာ အပ်ထားသည်။ ထိုတစ်သောင်းငွေ၊ ဂျပန်ဘဏ်တိုက် အပ်ထားသော ငွေလက်မှတ်ကို ပြပါမည်။

ဥတ္တမ

(အထက်စာပါ ငွေတစ်သောင်းသည် ကာလကတ္တားဂျပန်ဘဏ်မှာ ရှိ,မရှိ ဈာပနာ ကော်မတီ လူကြီးများ သတိထားသင့်၏။)

အထက်တွင် ဖော်ပြထားသော စာပါ စကားများကို ထောက်ဆလျှင် ဆရာတော် ဘုရားသည် လွန်ခဲ့သော ခြောက်နှစ်ခန့်က ကျွန်ုပ်အား ပြောဖူးသည့်အတိုင်း တကယ့်တကယ် အလုပ်လုပ်နေကြောင်းကို သိရလေသည်။ ဤမျှသာ မဟုတ်သေး။ ၁၉၃၅ ခုနှစ်၊ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူမဟာသဘာ အစည်း အဝေးကြီး၏ ဥက္ကဋ္ဌ ဖြစ်စဉ်ကလည်း ဟိန္ဒီဘာသာဖြင့် ရေးသားသော ဗုဒ္ဓ၀င်စာအုပ်များကို မိမိ၏ ရန်ပုံငွေဖြင့် ပုံနှိပ် ဝေငှဖူးသေးကြောင်း။ (အကြံအစည် ကြီးမြတ်ပါပေစွ။)

ဖော်ပြခဲ့သော ရည်ရွယ်ချက် နံပါတ်(၁)တွင် ပါဝင်သည်အားလျော်စွာ မြန်မာလူမျိုးတို့ထဲ၌ ဖြစ်ပေါ်နေသော ဆိုးဝါးသော အကျင့်အကြံဟူသမျှတို့ကို မည်သူ့မျက်နှာကိုမျှ မငဲ့ဘဲ ပွင့်ပွင့်လင်းလင်း ဟုတ်တိုင်းမှန်ရာကို ရေးသားထုတ်ဝေကာ တိုင်းပြည်အား ကြေညာမည်ဟု အဓိဋ္ဌာန်ပြုတော်မူထားချက် အတိုင်း ဘုန်းဘုန်းကိုယ်တွေ့ ဘုံဓလေ့နှင့် ဒိန်းဒလိမ်း နတ်စာအုပ်များကို အစပြု၍ ထုတ်ငေခဲ့သည်ကို တိုင်းပြည် အသိပင်ဖြစ်၏။ အဆိုပါ စာအုပ်များမှာ ဒဏ္ဍာရီသဖွယ် ကြံစည် ရေးသားထားသော ၀တ္ထု စာအုပ်မျိုး မဟုတ်ဟူ၍  မဟတ္တမဂန္ဒီကိုယ်တိုင် ရေးသားဖူးသကဲ့သို့ ကိုယ်တွေ့အဖြစ်အပျက်တို့ကို ဖွင့်ထုတ် ရေးသားပြသော စာအုပ်များဖြစ်၏။ လွန်ခဲ့သော နှစ်က မိန့်တော်မူဖူးသော "မင်းတိုင်ပင်ကောင်စီ"ခေါ် စာအုပ်ကို မထုတ်ဝေရမီ ပျံလွန်တော်မူသွားသည်မှာ အထူး ၀မ်းနည်းစရာပင် ဖြစ်တော့၏။

ဂျာမနီက သာသာနာပြုပင့်ပုံ
လွန်ခဲ့သော လေးနှစ်ခန့်က ဂျာမနီပြည် ဘာလင်မြို့တွင် မစ္စတာ ဒဟလ်ကီ တည်ထောင် ဆောက်လုပ်ထားခဲ့သော ဗုဒ္ဓသာသနာပြုကျောင်းကို သိမ်းပိုက် သီတင်းသုံးကာ ဥရောပတိုက်၌ သာသနာပြုရန် ပင့်ကြလေရာ ဆရာတော်မှာ အကယ်၍ လက်ခံလိုက်လျှင် မြန်မာပြည် နိုင်ငံရေးဘက်တွင် လစ်ဟင်းသွားမည်ကို မြင်သဖြင့် လက်မခံဘဲ ငြင်းပယ်တော်မူခဲ့ဖူး၏။ ဤသည်ကို ထောက်ဆ၍ ဆရ်ာတော်ဘုရား၏ မြန်မာတို့အပေါ်၌ တည်ရှိနေသော စေတနာ၊ သဒ္ဓါတရားတို့ကို ကောင်းစွာ ချင့်ချိန်နိုင်ရာသည်။

နိုင်ငံရေးဘက်တွင်
သူလိုငါလို သာမန်နိုင်ငံရေးသမားတစ်ဦးဟု အချို့က ထင်မှတ်ကြသော်လည်း ဆရာတော်ဘုရား၏ နိုင်ငံရေးဗဟုသုတ၊ နိုင်ငံရေးမျက်စိ ကျယ်ဝန်းပုံကို အတူတကွ နှစ်ပေါင်းများစွာ ဆောင်ရွက်ဖူးသူများသာ သိကြ၏။ ဗြိတိသျှ အစိုးရတို့၏ အမြင်အားဖြင့်ကား အိန္ဒိယနိုင်ငံခေါင်းဆောင် မစ္စတာဘို့စ်၊ မစ္စတာရွိုင် တို့ကဲ့သို့ ဦးဥတ္တမသည် အလွန် အရေးကြီးသော (၀ါ) စိုးရိမ်ဖွယ်ကောင်းလှသော ခေါင်းဆောင် တစ်ဦးဖြစ်သည်ဟု ယူဆထား၏။

ဆရာတော်၏ ပဓါန ၀ါဒမှာ အစိုးရနှင့် မဆက်ဆံရေးဖြစ်၏။ ၎င်းပြင် ဆီးရွက်ခန့်သာသာရှိသော မြန်မာပြည် တစ်ပြည်တည်း ဆောင်ရွက်၍ လုံးဝ လွတ်လပ်ခွင့်ကို မရနိုင်၊ အကယ်တန္တု လွတ်လပ်သည့် တိုင်အောင် နောက်အနာဂတ်အဖို့ ဘေးမကင်းသေးဟု ယူဆသဖြင့် သူတစ်ပါးလက်အောက်၌ ကျွန်သဘောက်ဖြစ်နေကြသော အာရှတိုက် အတွင်းရှိ တိုင်းပြည်အားလုံးတို့ကို ညီရင်းအစ်ကိုကဲ့သို့ ဆက်သွယ်ပေါင်းစည်း တစ်လုံးတစ်စည်းတည်း ဖြစ်စေလျက် လွတ်လပ်ရေးကိစ္စတို့ကို ဆောင်ရွက်လို၏။ ဆောင်ရွက်တော် မူခဲ့၏။ အမြင်ကျယ်စွာ တရုတ်၊ ဂျပန်၊ အိန္ဒိယ စသော တိုင်းပြည်တို့နှင့် ဆက်သွယ်ကာ နိုင်ငံရေးကို ဆောင်ရွက်တော်မူနိုင်သော မြန်မာ့ခေါင်းဆောင်၊ ကမ္ဘာလောကကြီး အတွင်း၌ မြန်မာတို့၏ သတင်းကို လွှင့်နိုင်သော ခေါင်းဆောင်ကြီးသည်ကား ကျေးဇူးရှင် ဆရာတော် ဦးဥတ္တမမှတစ်ပါး အခြားတစ်စုံတစ်ယောက်မျှ မပေါ်ပေါက်သေးဟုဆိုက မှားမည်မဟုတ်ပေ။ မြန်မာပြည်သာမဟုတ်ဘဲ လူဦးရေ သုံးဆယ့်ငါးကုဋေမျှရှိသော အိန္ဒိယနိုင်ငံကပင် လေးစားရိုသေခြင်းကို ခံယူရသဖြင့် ၁၉၃၅ ခုနှစ်က၊ အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ ဟိန္ဒူမဟာသဘာ အသင်းကြီး၌ ဥက္ကဋ္ဌ ဖြစ်တော်မူခဲ့ဖူး၏။ ဘာသာရေး၊ လူမျိုးရေး အဆက်အသွယ်ကိုကြည့်၍ ကုဋေ သုံးဆယ်ခန့်မျှသော ဗုဒ္ဓဘာသာဝင်များ အချင်းချင်း စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်တော်မူခဲ့သည့်အတိုင်း အတော်ပင် ခရီးရောက်ခဲ့လေပြီ။

ရှေး ၀ိပါတ်ပေလော
လွန်ခဲ့သော ၂ နှစ်အတွင်းက ဆရာတော်ဘုရား၏ အခြေအနေကိုကြည့်လျှင် "ရှေးဝိပါက ၀ဋ် ကြွင်းပေလော"ဟု တွေးတော ၀မ်းနည်းမိခဲ့၏။ ရှေးအခါက ဆရာတော်မှာ တရားပွဲတစ်ပွဲလျှင် တစ်ထောင် မက ပူဇော်ကြ၏။ ဘုရား၊ ရဟန္တာတမျှ ဖူးမြာ် ပူဇော်လိုကြ၏။ ဦးဥတ္တမ ကိုယ်တော်ကြီး၏ မျက်နှာတော်ကို မြင်ရရုံနှင့် နိုင်ငံရေး စိတ်ဓါတ်တွေ တက်ကြွပြီး အမိမြန်မာပြည်အတွက် မိမိတို့အသက်ကို ဗလိနတ်စာ ကျွေးနိုင်ခဲ့ကြ၏။ ဦးဥတ္တမကို ထိလျှင် မချိအောင် နာခဲ့ကြ၏။ ဦးဥတ္တမ ရန်ပုံငွေအတွက် ရက်ရက်ရောရော လှူဒါန်းနိုင်ခဲ့ကြ၏။ ထိုကဲ့သို့ တိုင်းပြည်က ချီးမြှင့်ထားသော ရန်ပုံငွေခြောက်သောင်းကျော်နှင့် ဦးဥတ္တမ သည် ဘယ်ဘ၀မျိုးနှင့်မဆို ခံ့ခံ့ညားညား၊ ထည်ထည်ဝါ၀ါ ချမ်းသာစွာ သုံးစွဲနေထိုင်နိုင်မည် မှန်၏။ သို့သော် ပျံလွန်တော်မမူမီ ၂ နှစ်ကျော်ကပင် မြန်မာပြည်တွင် ဦးဥတ္တမသည် ၀ံသာနုတို့၏ သူပုန်ဖြစ်ပြီ၊ ရူးသွပ်နေပြီဟု သမုတ်ခြင်းကို ခံရ၏။ စိတ်နှလုံးဖောက်ပြန်နေသော သူတောင်းစားသဖွယ် ရန်ကုန်တစ်မြို့ လုံး လမ်းကြိုလမ်းကြား မကျန်အောင် အနှံ့အပြား လှည့်လည်နေသော ဦးဥတ္တမကို သိမြင်သူ တစ်ဦး တစ်ယောက်မျှ မရှိလေသလော၊ သိမြင်ကြ၏။ သို့သော် မည်သူမျှ စေ့စေ့ မကြည့်ချင်။ စကား မပြောချင်။ အဖက် မလုပ်ချင်ကြပေ။ အရာအထောင်မကသော ဘုန်းကြီးကျောင်းတို့ကလည်း ဦးဥတ္တမကို လက်မခံ လိုကြပေ။ ရှေးရှေးက သိကျွမ်းဖူးသော အချို့အိမ်များကို သတိရသောအခါ ကြွသွားလျက် တံခါးကိုခေါက်၍ ခေါ်ရှာ၏။ ဖွင့်မပေးကြပေ။ ရှေးက ဦးဥတ္တမကြီး၏ ဆောင်ရွက်ခဲ့တာတွေကို မေ့ပျောက်ကုန်ကြပြီလော၊ မမေ့ကြသေး။ မျက်စိထဲ တရေးရေး မြင်နေကြတုန်းရှိသေး၏။ ဦးဥတ္တမ ကိုယ်တော်ကြီး ဆင်းရဲ ညစ်နွမ်းနေပုံကို မြင်သူတိုင်း စုတ်သပ်ကြ၏။ သို့သော် ၎င်း၏ ဆင်းရဲရပုံအကြောင်းရင်းကို ယခုတိုင် မသိမြင်နိုင်သး။ မိမိ ကိုယ်ပိုင် အလိုရှိသလို သုံးစွဲနိုင်သော ငွေ အမြောက်အမြား ဘဏ်ထဲ၌ ရှိနေသည်ကို မေ့လျော့နေသည်ဟု တွေးလျှင် မှားမည်။ တိုင်းပြည်က ဦးဥတ္တမ ကိုယ်တော်ကြီး ရူးနေပြီဟု ဆိုကြသော် လည်း ပူးပူးကပ်ကပ်နေလျက် ဆရာတော်၏ ကိစ္စတို့ကို ဆောင်ရွက်ကူညီနေသူတို့ကကား အတိအ လင်းငြင်းပယ်ကြမည် အမှန်ဖြစ်၏။ ရှေးနည်းအတိုင်းပင် ဆရာတော်သည် မိမိ၏ ကိစ္စအ၀၀တို့ကို အထူး စေ့စပ်သေချာစွာ ပြုလုပ်ဆောင်ရွက်နေသည်ကို ကျွန်ုပ်တွေ့ရ၏။ ဘာတစ်ခုမျှ သတိလစ်ဟင်းသည်ကို မတွေ့ခဲ့ရပေ။ လွန်ခဲ့သောနှစ်က ဆယ်လခန့် ဆရာတော်၏ အမှုကြီးငယ်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ဖူး၍ သိ၏။ မကြည့်ရက်သဖြင့် အဆင်းရဲမခံနိုင် တောင်းပန်ဖူး၏။ သို့သော် စာအုပ်စာတမ်း ရိုက်ထုတ်ရာမှ တစ်ပါး အခြား မိမိစားသောက်ရေးအတွက် ရန်ပုံငွေထဲမှ အသုံးပြုတော်မမူ၊ အခါတစ်ပါး စာရေးသူကိုယ် တိုင် ဆေးလိပ်တောင်းရာ "ငါ သိပ်အားနာတာပဲ၊ ဒီကနေ့တော့ ဆေးလိပ် မရှိသေးဘူး၊ နက်ဖြန်ခါကျရင် ငါရှာထားလိုက်မည်"ဟု မိန့်တော်မူ၏။ နောက်တစ်နေ့ သွားရာ ဆေးပြင်းလိပ် ဆယ်လိပ်ခန့် တွေ့ရပါသည်။ စုံစမ်းကြည့်ရာ ဆရာတော်ကိုယ်တိုင် မင်းတိုင်ပင် အမတ်တစ်ဦးထံမှ စာရေးသူအတွက် အလှူခံ လာကြောင်း သိရှိရ၍ ၀မ်းနည်းခြင်း၊ အံ့သြခြင်း ဖြစ်မိ၏။ ပုထုဇဉ်တို့ ပကတိ သဘာဝ အားလျော်စွာ သုံးချင်စွဲချင် ချမ်းသာချင်ကြသည်သာတည်း။ သို့သော် ဆရာတော်ဦးဥတ္တမနှင့် ပတ်သက်၍ကား အလွန်ပင် အစဉ်းစားရခက်၏။

ငါးပွင့်ဆိုင်ကြောင့်လော
တချို့က ဦးဥတ္တမသည် အစိုးရနှင့် ဆက်ဆေံရေး၊ ငါးပွင့်ဆိုင်တွေကို အမတ်ဖြစ်အောင် အားပေးရေး ကို လုပ်သဖြင့် တိုင်းပြည်က ပစ်ပယ်ထားသည်ဟု များသောအားဖြင့် ပြောဆိုကြသံကို ကြားရ၏။ ယခု ရှိနေသော ငါးပွင့်ဆိုင်နှင့် မဆိုင်သော အမတ်များကို ဦးဥတ္တမတစ်ပါးတည်းက အမတ်လုပ်ပေးထား သလား ဟု မေးစရာ ဖြစ်နေ၏။ ငါးပွင့်ဆိုင်နှင့် အခြား ဘာအပွင့်မှ မဆိုင်တဲ့ အမတ်တွေဟာ ဘယ်သူကပိုပြီး ကောင်းသလဲ၊ ဘယ်သူက မဲပေးလို့ အမတ်ဖြစ်နေကြသလဲ၊ ဗမာ ၀ံသာနု အားလုံးဟာ အစိုးရနှင့် မဆက်ဆံရေး သမားချည်းပဲလား။ ဒီ့ပြင် မဲတရား ဟောပေးတဲ့ ဆရာတော် သမတော်များကို ဘာကြောင့် ပစ်ပယ်တော် မမူကြပါသလဲ၊ စသော ပြဿနာတို့သည် များစွာသော နိုင်ငံရေးသမားတို့၏ စိတ်၌ မဖြစ်ပေါ်ဘဲ နေမည်မဟုတ်။ အိန္ဒိယနိုင်ငံ၌ မဟတ္တမဂန္ဒီ ကြီးမှူးသော ကွန်ဂရက် အသင်းကြီးသည် နှစ်ပေါင်းများစွာ အစိုးရနှင့် မဆက်ဆံရေးကို အကြီးအကျယ် ခုခံဆောင်ရွက်ခဲ့ကြ၏။ ယခုအခါ သပိတ်လှန် ပြီးလျှင် ကောင်စီကို ၀င်ကြသဖြင့် ကွန်ဂရက် အစိုးရ ဖြစ်နေ၏။ သို့သော် ဂန္ဒီ၏ ဘုန်းတန်ခိုး စိုးစဉ်းမှမညှိုး ဘဲ တိုး၍ပင် တန်ခိုးကြီးနေ၏။ ဂန္ဒီ၏တန်ခိုးကြောင့် အမျိုးသားအစိုးရများ ညီညီညွတ်ညွတ်နှင့် ဆင်းရဲသား များ၏ အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြ၏။ တိုတိုပြောရလျှင် မျိုးချစ်ဝံသာနုတို့၏ အလိုသို့ မလိုက်ဘဲ တိုက်ရိုက်ပုန်ကန်သော ဦးဥတ္တမ ကိုယ်တော်ကြီး၏ ဆုံးရှုံးသွားခြင်းကြောင့် အကယ်၍ ၀မ်းနည်းကြေကွဲ မည့်အစား အများကောင်းကျိုးအတွက် သာဓု အကြိမ်ကြိမ် ခေါ်နိုင်ပါ၏။ "ဦးဥတ္တမလို ပုဂ္ဂိုလ်ကား ဖြစ်လို ပါ၏။ သို့သော် မြန်မာပြည်တွင် ဦးဥတ္တမလို ခေါင်းဆောင်ကား ဘ၀အဆက်ဆက် မဖြစ်ရပါလိုသော်"ဟု ဆုမွန်တောင်းလိုပါ၏။

အဆုံးစွန် စကား
"ငါ့ကို အိန္ဒိယက တရားဟောဖို့ ခေါ်လာပြီးတော့ အခုတော့ ဘယ်သူမှ ပြန်မကြည်ကြတော့ဘူး။ မင်းတစ်ယောက်ပဲ တိုင်ပင်ဖော် တိုင်ပင်ဖက် ရှိတော့တယ်။ မင်းကို မကြာမကြာ ခိုင်းနေရတာ ငါ သိပ်အားနာတာပဲ၊ ဒကာတွေထဲမှာဆိုရင် သူရိယ ဦးဘကလေး၊ ဒေါက်တာသိန်းမောင်ကတော့ ငါ့ကို အတော်ပဲ ကြင်နာကြ ဂရုစိုက်ကြပါတယ်"ဟု အထူး လှိုက်လှိုက်လှဲလှဲ ၀မ်းနည်းသော အမူအရာဖြင့် သရက်တောတိုက် ပိဋကတ်တိုက်သစ် ကျောင်းပေါ်တွင် ပြောဖူးရာ ကျွန်ုပ်အတွက် အဆုံးစွန်စကားကို ယနေ့တိုင် မမေ့နိုင်သေး၊ နောင်ကိုလည်း မေ့လိမ့်မည် မထင်ပါ။

မိဂဒါဝုန် ဦးကိတ္ထိမာ 


http://www.arakanfolks.com  မှကူးယူဖော်ပြပါသည်။

0 blogger-facebook:

Post a Comment