Home » » ရခိုင်ရှေ့ဟောင်းမြို့တော်မြောက်ဦးသို့ ......

ရခိုင်ရှေ့ဟောင်းမြို့တော်မြောက်ဦးသို့ ......

ဒီတစ်ပတ် ခရီးသွားမှတ်တမ်းအဖြစ် မြောက်ဦးခရီးစဉ်အကြောင်း ဆက်ရေးပါဦးမယ်ရှင်... ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်ခဲ့တဲ့ မြောက်ဦးမြို့ဟာ ရခိုင်ဘုရင်တို့ တည်ထားခဲ့တဲ့  ရှေးဟောင်း ဘုရား စတီများ ပေါများလှတဲ့ အပြင် ရခိုင်မင်းဆက်တို့ စိုးစံခဲ့တဲ့ မြောက်ဦးနန်းတော်ရဲ့ နန်းမြို့ရိုးနဲ့ နန်းတော်ရာဟောင်းကို ယခုတိုင် ခိုင်ခိုင်မာမာ တွေ့ရှိနိုင်ပါတယ်။ 
ရန်ကုန်ကနေ စစ်တွေကို Air Mandalay နဲ့ ထွက်ခဲ့ရာမှာ လေယာဉ်ပေါ်က ခရီးသည် ၈၀ ရာခိုင်နှုန်းဟာ နိုင်ငံခြားသားများ ဖြစ်ပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ကို သွားရောက်ကြမဲ့ သူတွေချည်းဖြစ်တယ်လို့ သတိရတဲ့အချိန်မှာ မြောက်ဦးမြို့ဟာလည်း ပုဂံမြို့ဟောင်းလိုဘဲ နိုင်ငံခြားသားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခု ဖြစ်နေပါလားဆိုတာ သိခဲ့ရပါတယ်။ ကျွန်မတို့အတွက်ကတော့  မိခင်ဖြစ်သူလဲ ပါတာကြောင့် ကားလမ်းခရီးကတော့ အနည်းငယ်ခက်ခဲ ကြမ်းတမ်းတယ် ဆိုတာရယ်၊ အချိန်လည်း သိပ်မရတဲ့အတွက် လေယာဉ်ခရီးကို ရွေးချယ်ခဲ့တာပါ။ လမ်းပန်းဆက်သွယ်ရေးနဲ့ ယခုဆိုရင် ဒေသတွင်းအခြေအနေပါ တိုးတက် ကောင်းမွန်လာခဲ့မယ်ဆိုရင် မြောက်ဦးမြို့ဟာ ကမ္ဘာလှည့်ခရီးသည်တွေ ခုထက်ပိုပြီး လာရောက်လှည်ပတ်ကြမဲ့ နေရာဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ကနေ ကားလမ်းရော ရေလမ်းနဲ့ပါ သွားရောက်နိုင်တဲ့ မြောက်ဦးမြို့ကို ကျွန်မတို့က ကားလမ်းကနေ သွားမှာဖြစ်လို့ မနက်စောစော စစ်တွေမြို့ကနေ ထွက်ခွာလာခဲ့ပါတယ်။ မနက်စောစော ထွက်လာရတာမို့ မိုးမလင်းသေးတဲ့အပြင် ဆောင်းရာသီမို့ အေးလည်းအေးတဲ့အတွက် ကားပေါ်မှာ ငိုက်လာပေမဲ့ အပြင်လောကကို စပြီး မြင်ရတဲ့ ရောင်နီ သန်းချိန်မှာတော့ လမ်းဘေးဝဲယာရှုခင်းတွေက အိပ်ချင်စိတ်တွေကို ဆွဲယူပစ်လိုက်ပါတယ်။ ဆောင်းမနက်ခင်းရဲ နှင်းမြူတွေနဲ့ လှပသာယာလှတဲ့  ရှုခင်းတွေဟာ မြို့ပေါ်မှာ မြင်ဖို့တွေ့ဖို့ခက်တဲ့ အဖိုးတန် သဘာဝ ပန်းချီကားချပ်တွေ ပမာပါဘဲ။ မောင်းနေတဲ့ ကားပေါ်ကနေ ကားကခုန်၊ လက်ကတုန်တဲ့အပြင် ဖွင့်မရတဲ့ မှန်တံခါးနောက်က ဓာတ်ပုံရိုက်ရတဲ့အခါ လိုချင်တဲ့မြင်ကွင်းကို ကွက်တိ မရခဲ့ပေမဲ့ ရသလောက်နဲ့ ကျေနပ်ရပါတယ်။ ပုံတစ်ချို့ကို အောက်မှာ ဖော်ပြချင်ပါတယ်နော်.

Image Hosted by PicturePush - Photo Sharing
မှုန်ပြာရီမနက်ခင်းမှာ ဓနိပင်တန်းတွေကလည်း လွမ်းစရာ .. ဓနိပင်တွေကတော့ အလွန်ပေါပါတယ်။ 
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
နှင်းမှုန်တို့ဖြင့် ရစ်သိုင်းခြုံလေတဲ့ လွမ်းစရာ မနက်ခင်း


Image Hosted by PicturePush - Photo Sharing

နှင်းထုကိုထွင်းဖောက်ပြီး တဖြေးဖြေး ထွက်လာတဲ့နေမင်းကို ကြည့်ရတာကလည်း ကဗျာတစ်ပုဒ်ကိုဖတ်ရသလို ညွှတ်နူးလှပလို့.. နေထွက်တဲ့ပုံထဲမှာ ဒီတစ်ပုံဘဲ ကောင်းတာ ပါပါတယ် ကျန်တာကတော့ စောင်းနေတာနဲ့ နေလုံးက ဝါးနေတာနဲ့ အဆင်မပြေလှပါဘူး။ မနက်ခင်းနှင်းထုတွေပါးလျလာတဲ့နောက် ကစ္ဆပနဒီ မစ်ကြီးနဲ့ ကစ္ဆပနဒီ တံတားကြီးကို ရောက်ပါတယ်။ နာမည်ကျော် တံတားကြီးနဲ့ မြစ်ကြီးကတော့ လှိုက်လှဲစွာ ကြိုဆို နှုတ်ခွန်း ဆက်နေပါတယ်။ ရခိုင်မှာ ထင်ရှားတဲ့ လေးဝတီလို့ ဆိုနိုင်တဲ့ မြစ်ကြီးလေးစင်းမှာ တစ်စင်း အပါအဝင်ဖြစ်တဲ့ ကစ္ဆပနဒီမြစ်ကြီးဟာ ရခိုင် လူမျိုးတို့ရဲ့ ကြီးကျယ် ထင်ရှားခဲ့တဲ့ သမိုင်းအစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ ကစ္ဆပနဒီမြစ် တစ်ဖက်ကမ်း က ကျောက်တော်တောင် ကတော့ ရခိုင်မှာ ဗုဒ္ဓဘာသာ စတင်ထွန်းကားရာ အထိမ်းအမှတ် နေရာတစ်ခု ဖြစ်ပြီး မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ရခိုင်ဘုရင်ထံသို့ ကြွလာတော်မူတဲ့ ဒီကျောက်တော်တောင် အကြောင်းတော့ နောက်များမှ သီးသန့် ရေးချင်ပါသေးတယ်။

Image Hosted by PicturePush - Photo Sharing
နာမည်ကျော် ကစ္ဆပနဒီ တံတားကြီးပါ.. 

Image Hosted by PicturePush - Photo Sharing

ရခိုင်ပြည်နယ်ရဲ့ အသက်သွေးကြော မြစ်တစ်စင်းဖြစ်တဲ့ ကစ္ဆပနဒီမြစ်ပါ.. ကုလားတန်မြစ်လို့လည်း ခေါ်ကြပါတယ်။
ကစ္ဆပနဒီမြစ်ကြီးပေါ်က ကစ္ဆပနဒီတံတားကြီးကို ကျော်လာပြီးနောက် မကြာခင်မှာတော့ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ရခိုင်ပြည်ကို ကြွချီတော်မူလာစဉ်ကတည်းက သွန်းလုပ်ခဲ့တယ်လို့ ဆိုကြတဲ့ သမိုင်းဝင် ရှေးဟောင်း မဟာမြတ်မုနိဘုရား တည်ရှိရာ မဟာမုနိရွာကို ရောက်ပါတယ်။ အဲဒီမှာကားတွေအားလုံး ရပ်နားပြီး ထမင်းစား၊ ဘုရားဖူးကြပါတယ်။ မဟာမြတ်မုနိဘုရား အကြောင်း အပြည့်အစုံကိုတော့ ( ဒီနေရာမှာ ) ရေးခဲ့ပြီးပြီမို့ မဖတ်ရသေးရင် ဒီနေရာမှာဆိုတာကို ကလစ်လုပ်ပြီး ဖတ်နိုင်ပါတယ်။ ကျွန်မတို့ စီးလာတဲ့ကားဟာ မဟာမြတ်မုနိ မရောက်ခင် သရက်တစ်ပင် ရွာနားမှာ ကားပျက်ပါတယ်။ အဲဒီနေရာမှာ ကားပြင်ဖို့ နားနေချိန်မှာ ရွာထဲက လူတွေက ဘုရားနဲ့ မဝေးတော့ဘူး။ ဘုရားကို ဆိုင်ကယ် ကယ်ရီနဲ့ သွားလိုက်ကြပါလားလို့ ပြောလာတာကြောင့် ကျွန်မရယ် အမေရယ် ညီမလေးရယ်တို့ဟာ မဟာမြတ်မုနိဘုရား တည်ရှိရာ မဟာမုနိရွာကို ဆိုင်ကယ် ငှားစီးပြီး ထွက်ခဲ့ကြပါတယ်။ ကားဆရာကိုတော့ ဘုရားမှာ စောင့်မယ်လို့ အသိပေးခဲ့ပါတယ်။ ကားပျက်ချိန် အတော်ကြာတာကြောင့် ထမင်းစားပြီးနောက် ဘုရားကို အေးအေးဆေးဆေး အချိန်ယူပြီး ဓာတ်ပုံရိုက်ခွင့် ၊ ဖူးခွင့်ရခဲ့တာမို့ ကားပျက်တာကို ကျးဇူးတင်ရမလို ဖြစ်ရပါသေးတယ်း)

Image Hosted by PicturePush - Photo Sharing
ရခိုင်ပြည်နယ်ရဲ့ ကျက်သရေဆောင် မဟာမြတ်မုနိရုပ်ပွားတော် (မဟာမြတ်မုနိဘုရားအကြောင်း တင်ခဲ့ဖူးပေမဲ့ မဖူးရသေးသူများအတွက် ဓာတ်ပုံ ပြန်လည်တင်ပေးလိုက်ပါတယ်) 

Image Hosted by PicturePush - Photo Sharing

မဟာမြတ်မုနိဘုရား ပရဝုဏ်အတွင်းက မြတ်စွာဘုရားနဲ့ ရဟန္တာများ ရုပ်ပွားတော်.. ( ဒီနေရာဟာလည်း နိုင်ငံခြားသား ဓာတ်ပုံဝါသနာရှင်များ ရှုထောင့်အမျိုးမျိုးကနေ ဓာတ်ပုံရိုက်လေ့ရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကျွန်မလည်း ခပ်တည်တည်နဲ့ ဝင်ရိုက်ခဲ့တာပါ :P ) 

Image Hosted by PicturePush - Photo Sharing


ကားပျက်တဲ့ သရက်တစ်ပင်ရွာက ရွာသူ ရခိုင်သူမတွေပါ။ 

ရခိုင်တွေဟာ ခုလို ဒန်အိုးကို တစ်ပြည်နယ်လုံး သုံးကြတာမို့ စစချင်းမှာတော့ တစ်ခြားဒေသတွေနဲ့ မတူတဲ့အတွက် အမြင်မှာ တစ်မျိုးဖြစ်ခဲ့ရပါတယ်။ သို့ပေမဲ့ မြို့တိုင်းရွာတိုင်းမှာ ဒီလိုအိုးကိုသာ သုံးကြတာမို့ တွေ့ဖန်များတော့မှ အထူးအဆန်းမဖြစ်မိတော့ပါဘူး။ သူတို့ကိုင်ထားတဲ့ ရေအိုးကို ကျွန်မ ညီမက သဘောကျပြီး ခဏတောင်းယူကာ ဓာတ်ပုံ ရိုက်ခံတော့ ဘေးကလူတွေ တဝါးဝါးနဲ့ ပွဲကျခဲ့ရပါသေးတယ်။ အဲဒီရွာမှာ ကားပျက်တဲ့အချိန်ဟာ အတော် ကြာသွားတဲ့ အတွက်ကြောင့် မြောက်ဦးမြို့ကို ရာက်ချိန်ဟာ ခန့်မှန်းထားတာထက် အများကြီး နာက်ကျသွားခဲ့ပါတယ်။ မူလအစီအစဉ်က မြောက်ဦးမှာ ၂ရက်လောက် နေပြီး ငပလီကို ခရီးဆက်ဖို့အတွက် သံတွဲ လေယဉ်လက်မှတ်ပါ တစ်ခါတည်း ဖြတ်ထားခဲ့တာပါ။ ဒါပေမဲ့ မြောက်ဦးမြို့ထဲ ဝင်ချိန်မှာတော့ အချိန်နောက်ကျတာရော၊ များပြားလှတဲ့ ဘုရားတွေ ဖူးဖို့ဆိုတာ ကျန်ရှိတဲ့အချိန် တစ်ရက်ကျော်ကျော်နဲ့ ဘယ်လိုမှ လုံလောက်မှာမဟုတ်ဘူးလို့ တွေးမိတာကြောင့် နောက်ထပ် ၂ရက်တိုးပြီး ၄ရက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါနဲ့ သံတွဲကိုသွားဖို့ လေယာဉ်လက်မှတ် ဖြတ်ခဲ့တဲ့ Air Bagan (စစ်တွေ)ကို ဖုန်းဆက်ပြီး ကျွန်မဝယ်ခဲ့တဲ့ လက်မှတ်ကိုနောက် ၂ရက် နောက်ဆုတ်ပြီး ရွေ့ပေးဖို့ တောင်းဆိုတဲ့အခါ Air Bagan က လွယ်လွယ်ကူကူ ၂ရက် ရွေ့ပေးခဲ့ပါတယ်။ အဲဒီအတွက် ဘုရားတွေကို စိတ်အေးလက်အေး အသေးစိတ် ဖူးခွင့်ရတာကြောင့် AirBagan စစ်တွေရုံးခွဲက လက်မှတ် စီစဉ်ပေးသူများကို ကျေးဇူးတင်ပါကြောင်း ဒီနေရာကနေ ပြောချင်ပါတယ်။ လက်မှတ်ဝယ်နေတုန်းမှာ သူတို့ စားပွဲပေါ်က ရခိုင်ပြည်နယ်မှာ ထုတ်ဝေတဲ့ မဂ္ဂဇင်းလေး တစ်အုပ်ကိုလည်း ကျွန်မစာရေးရင် အကိုးအကားပြုဖို့ လိုချင်တာကြောင့် ပြန်ရောင်းပါလားလို့ဆိုတော့ သူတို့က ယူသွားပါဆိုပြီး လက်ဆောင် ပေးလိုက်ပါသေးတယ်။ အဲဒီ မဂ္ဂဇင်းအတွက်လည်း ကျးဇူးတင်ကြောင်း ထပ်ပြောချင်ပါတယ်။

Image Hosted by PicturePush - Photo Sharing
လမ်းဘေးတစ်လျှောက် ဓနိပင်တန်းများ 


မြောက်ဦးအဝင် ဆိုင်းဘုဒ်

Image Hosted by PicturePush - Photo Sharing


နဝရတ်ဟိုတယ် ရောက်ပါပြီ.. ဟိုတယ်ရဲ့ တံတိုင်းတွေက ရှေးဟောင်းပုံစံ တည်ဆောက်ထားတာပါ။ 

Image Hosted by PicturePush - Photo Sharing


ဟိုတယ်ရှေ့က ရခိုင်စည်ကြီး

မြောက်ဦးကို မဖြစ်မနေသွားချင်တဲ့ ကျွန်မရဲ့ စိတ်ကို ပိုပြီးခိုင်မာစေတာက Flickr.Com မှာ တွေ့လိုက်တဲ့ မြောက်ဦးမြို့ရဲ့ မနက်ခင်း ဓာတ်ပုံလေးတစ်ပုံပါ။ အဲဒီပုံလေးကို မြင်လိုက်တာနဲ့ မြောက်ဦးကို သွားဖြစ်အောင် သွားမယ်လို့ ဆုံးဖြတ်ချက် ခိုင်မာစေခဲ့ပါတယ်။ ပြီးတော့ မြောက်ဦးကိုသွားရမဲ့ လမ်းကြောင်းနဲ့ တည်းခိုရမဲ့ ဟိုတယ်၊ ဆက်သွယ်ရမဲ့ သူတွေကိုပါ မိတ်ဆက်ပေးတဲ့ မြောက်ဦးဓာတ်ပုံပိုင်ရှင် ဦးစိုင်းကို ကျေးဇူးအထူးတင်ပါကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ မြောက်ဦးကို မရောက်ခင် ကတည်းက ကျွန်မတို့အတွက် အစစ အဆင်ပြေအောင် ကူညီပေးတဲ့ မြောက်ဦးမြို့ နဝရတ်ဟိုတယ်က ရခိုင်သူလေး ညီမလေးမကျော့ကိုလည်း ပြောမပြတတ်အောင် ကျေးဇူးတင်ရပါတယ်။ သူ လမ်းညွှန်ပေးတဲ့အတွက် ဘုရားတွေ စုံအောင်၊ နေရာတွေ စုံအောင်လည်း ရောက်ခဲ့ရပါတယ်။
မြောက်ဦးမှာ ရှိစဉ်အတွင်း သွားဖို့လာဖို့ ကားတွေ၊ စက်လှေတွေကအစ စီစဉ်ပေးပြီး ဘုရားသမိုင်းတွေကိုလည်း မြေပုံနဲ့တကွ စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးတာကြောင့် ညီမလေးမကျော့ဟာ တကယ်ကို ကျေးဇူးတင်စရာ ကောင်းပါတယ်။
ကျွန်မတို့ မြောက်ဦးရောက်တဲ့အချိန်မှာ ကားဂိတ်မှာ မကျော့ စီစဉ်ပေးထားတဲ့ကား လာစောင့်နေတာကြောင့် အဆင်သင့်စီးပြီး နဝရတ်ဟိုတယ်ကို ရောက်လာရပါတယ်။ ဟိုတယ်မှာ ရေမိုးချိုးခဏတဖြူတ် နားပြီးတာနဲ့ ကားနဲ့ဘဲ လေ့လာရေးခရီး စတင်ပါတော့တယ်။ စစချင်း ဟိုတယ်နဲ့ သိပ်မဝေးတဲ့ မြောက်ဦးနန်းတော်ဟောင်းကို အရင်ဝင်ပြီး လေ့လာကြပါတယ်။ မြောက်ဦးမြို့ရဲ့ နန်းတော်ဟောင်း အကြောင်းနဲ့ မြောက်ဦးမြို့ရဲ့ လှပအေးချမ်းတဲ့ ဆောင်းမနက်ခင်း ဓာတ်ပုံများကိုတော့ နောက်ထပ်ပိုစ့်မှာ သီးသန့် ဖော်ပြပါမယ်ရှင်.. အားလုံးဘဲ စိတ်ဝင်တစား ဖတ်ရှုပေးကြတာ ကျေးဇူး တင်ပါတယ် လို့နော်။ 




0 blogger-facebook:

Post a Comment